အသည်းမကောင်းလို့ ဖောရောင်နေတာများလား
ခန္ဓာကိုယ်မှာ ဖောရောင်ခြင်းတွေ ဖြစ်လာပြီ ဆိုရင် အများစုက ကျောက်ကပ်ကိုပဲ စိုးရိမ်တတ်ကြပါတယ်။ တကယ်တော့ အသည်းကြောင့်လည်း ဖောရောင်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ဖောရောင်ခြင်း ဆိုတာ ခန္ဓာကိုယ်ရဲ့ နေရာ တစ်ခုခုမှာ အရည်တွေ စုပုံလာခြင်း ဖြစ်ပါတယ်။ များသောအားဖြင့် ခြေထောက်၊ လက်၊ ဝမ်းဗိုက် ပိုင်းတွေမှာ တွေ့ရလေ့ရှိပြီး မျက်ခွံ၊ မျက်နှာ စတဲ့ နေရာတွေမှာ ဖောရောင်နိုင်ပါတယ်။
အသည်းပျက်စီးတဲ့အခါ အသည်းရဲ့ အဓိက ကျတဲ့ လုပ်ငန်းဆောင်တာတွေ ဖြစ်တဲ့ အစားအစာ နဲ့ ဆေးဝါးတွေကို ချေဖျက်ပေးတာ၊ အဆိပ်အတောက်တွေကို စွန့်ထုတ်ပေးတာ၊ သွေးကြောထဲမှာ ရှိတဲ့ အရည်တွေကို စုပ်ယူပေးနိုင်တဲ့ Albumin ဆိုတဲ့ ဓာတ်တစ်မျိုးကို ထုတ်ပေးနိုင်မှု လျော့နည်းသွားတာကြောင့် သွေးကြောတွေ ဖောင်းလာမယ်၊ ဝမ်းဗိုက်မှာ ရေဖျဉ်းစွဲပြီး ဗိုက်ပူ၊ ဗိုက်ဖောင်း လာနိုင်ပါတယ်။
အသည်းကြောင့် ဖြစ်တဲ့ ဖောရောင်ခြင်းမှာတော့ အသည်းခြောက်ခြင်းက အများဆုံး ဖြစ်ရတာ ဖြစ်ပါတယ်။
အသည်းကြောင့် ဖြစ်တဲ့ ဖောရောင်ခြင်းတွေမှာ
- ဝမ်းဗိုက်နာတာ
- ဝမ်းဗိုက်ရောင်တာ
- ဝမ်းချုပ်တာ
- အစာမချေလွယ်တာ
- အစာ စားချင်စိတ် မရှိတာ
- ဆီး ခဏ ခဏ သွားတာ
- မောပန်းလွယ်တာ
- အသက်ရှူရ ခက်ခဲတာ
- ခါးနာတာ
- ခြေထောက်တွေ ဖောရောင်လာတာတွေကို ရောဂါလက္ခဏာ အနေနဲ့ တွေ့ရပါတယ်။
အသည်းကြောင့် ခန္ဓာကိုယ်မှာ ဖောရောင်ခြင်းတွေ ဖြစ်လာခဲ့ရင် နေရထိုင်ရ ခက်ခဲတာ၊ အသက်ရှူရ ခက်ခဲလာတာ၊ ပိုးဝင်တာ၊ ကျောက်ကပ်ထိနိုင်တာ၊ အသည်းကြောင့် ဦးနှောက် ထိခိုက်ခြင်း၊ အသည်းကင်ဆာ တွေ အထိ ဖြစ်နိုင်ပြီး အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်ပါတယ်။
အသည်းကြောင့် ဗိုက်ဖောင်းခြင်း မဖြစ်စေဖို့
- အသည်းကြောင့် ဖောရောင်ခြင်း အများစုက အရက်ကြောင့် ဖြစ်ရတဲ့ အတွက် အရက်ဖြတ်တာ ဒါမှမဟုတ် လျှော့သောက်ကြည့်ပါ။
- အသည်းရောင် အသည်းဝါ ဘီပိုး၊ စီပိုး ကြောင့် အသည်းခြောက်ရောဂါတွေ ဖြစ်နိုင်တာမို့ ကာကွယ်ဆေးတွေ ထိုးနှံပေးပါ။
- အငံ ဓာတ် စားသောက်မှုကို လျှော့ချပေးပါ။
- ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ နေထိုင် စားသောက်မှု ပုံစံတွေနဲ့ နေထိုင်ကြပါ။
အသည်းကျန်းမာရေးက နေ့စဉ်ဘဝကို ထိခိုက်စေပြီး တခါတရံမှာ ရောဂါလက္ခဏာ ဆိုးရွားနိုင်တဲ့အပြင် နောက်ဆက်တွဲဆိုးကျိုးတွေပါ ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)